Monday, September 2, 2013

တစ်ကိုယ်လုံးနာကျင်မှု ကင်းဝေးစေရန် တစ်နေ့တာအတွင်း လုပ်ဆောင်သင့်သည်များ




အချိန်အများစုမှာ သင့်စိတ်နဲ့ သင့်ခန္ဓာကိုယ်က ကောင်းမွန် နေရင် အလုပ်ကောင်းကောင်း လုပ်နိုင်သလို
နေရထိုင်ရတာ သက်တောင့် သက်သာ ရှိနေတတ်ပါတယ်။ လေးလံလွန်းတဲ့ အိတ် ကိုသယ်တာ၊ ခန္ဓာ ကိုယ်ကို လျှောထိုင်တာ၊ အိပ်တဲ့အခါ အနေအထားမမှန်တာတွေ ကြောင့် တစ်ကိုယ်လုံး နာကျင်မှုဖြစ်ခဲ့ ရင်တောင် တစ်နေ့တာအတွင်း အောက်ပါတို့ကို လိုက်နာတာကြောင့် နာကျင်မှု ကင်းဝေးနေ ပါလိမ့်မယ်။

နံနက် ၇ နာရီ - အကြောဆန့်ပါ
တစ်ညလုံး ၇-၈ နာရီ အိပ်စက်ခဲ့ပြီးချိန်မှာ သင့်ကြွက်သားတွေနဲ့ အဆစ်တွေ အတော်တောင့်တင်းနေနိုင် ပါတယ်။ ခြေထောက်က ကြမ်းပြင်နဲ့ မထိခင် ခါးနဲ့တင်ပါးကို အကြောဆန့်ထုတ်ပေးပါ။ လဲလျောင်းနေစဉ် ဘယ်ဘက်ဒူးကို ရင်ဘတ်ဆီ ညင်ညင်သာသာ ဆွဲယူကာ ၂၀-၃၀ စက္ကန့်ခန့် ထားရှိပါ။ ပြီးရင် ညာဘက်ဒူး ကို လုပ်ဆောင်ပေးပါ။ ပြီးရင် ဒူးနှစ်ဖက်စလုံးကို ရင်ဘတ်ဆီဆွဲပြီး ဘယ်လှည့်ကာ တစ်မှ ငါးအထိ ရေတွက်
လိုက်ပါ။ အဲဒီအတိုင်း ညာဘက်ကိုလည်း လှည့်လိုက်ပါဦး။

နံနက် ၇ နာရီခွဲ - မှန်ကန်သော ဖိနပ်စီးပါ
သင့်ခြေထောက်နဲ့ ခန္ဓာကိုယ်အတွက် နှစ်လက်မအမြင့်ရှိ ဖိနပ်ကို စီးတာက ဖိနပ်ပါးထက် ပိုအဆင်ပြေပါ တယ်။ မြင့်လွန်းတဲ့ ဒေါက်ဖိနပ် နဲ့ ပါးလွန်းတဲ့ ဖိနပ်တွေက ခြေဖဝါးအောက်ရှိ တစ်သျှူးတွေကို ရောင်ရမ်း မှုဖြစ်စေနိုင်ပါတယ်။

နံနက် ၈ နာရီ ၁၅ မိနစ် - ကားထိုင်ခုံကို ညှိပါ
သင့်ခါးဟာ ကားထိုင်ခုံနဲ့ ၉၀ ဒီဂရီအနေအထားရှိသင့်ပါတယ်။ မတ်မတ်ထိုင်ပြီး ဝမ်းဗိုက်ထဲအထိ အသက်
ပြင်းပြင်း ရှူကာ ပခုံးတွေကို သက်သောင့်သက်သာထားပါ။ ကားမောင်းစဉ် အနေအထားမမှန်တာကြောင့် ကြွက်သားတောင့် တင်းမှုဖြစ်ပါက ခေါင်းကိုက်တာ၊ ပခုံးနာတာ နဲ့ ခါးကိုက်တာတို့ကို ဖြစ်စေနိုင်ပါတယ်။

နံနက် ၉ နာရီ - အိတ်ထဲက အသုံးအဆောင်များကို လျှော့ချပါ
လေးလံလွန်းတဲ့ အိတ်ဟာ ပခုံး၊ လည်ပင်းနဲ့ ခါးကြွက်သားတွေပေါ် ဒဏ်ပိစေနိုင်ပါတယ်။ သင့်လက်ကိုင် အိတ် အလေးချိန်ဟာ သင့်ကိုယ် အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းထက် မကျော်သင့်ပါဘူး။ တကယ်လို့သယ် စရာ ပစ္စည်းများနေရင် အိတ်နှစ်အိတ်ခွဲပြီး လက်နှစ်ဖက်စလုံးနဲ့ ကိုင်ပေးပါ။

နံနက် ၉ နာရီခွဲ - အလုပ်နေရာကို စီမံပါ
ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်နေစဉ် သင့်ဒူးတွေက တင်ပါးထက် အနည်းငယ်မြင့်ဖို့လိုကာ ခြေဖဝါးက ကြမ်းပြင်ပေါ် ချထားရပါမယ။် ခါးက သက်သောင့်သက်သာရှိဖို့ လိုပြီး ကွန်ပျူတာစခရင်မ်နဲ့ လက်မ ၂၀
လောက် ဝေးဝေးမှာ ရှိရပါမယ်။ ကွန်ပျူတာစခရင်မ်ရဲ့ အလယ်ဟာ မျက်လုံးအဆင့်ရဲ့ အောက်မှာ ရှိရပါ မယ်။ စာရိုက်တဲ့အခါ လက် ကောက်ဝတ်က ပုံစံတစ်မျိုးတည်းရှိနေရပါမယ်။ ကွေးတာ၊ အောက်ကျ တာ၊ ဘေးရောက်တာတို့ မဖြစ်သင့်ပါဘူး။ ကြွက်သားတောင့်တင်းမှု မဖြစ်စေဖို့ တစ်နာရီကြာတိုင်း မတ်တတ်ရပ်ပြီး လမ်းထလျှောက်ပေးပါ။

နေ့လယ် ၁၂ နာရီ - ကိုယ်နေဟန်ကို ကောင်းမွန်အောင် ထားပါ
ဘယ်အသက်အရွယ်မဆို ချောမလဲအောင်နဲ့ လဲမကျအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။ ကိုယ်နေဟန် ကောင်းအောင် လုပ်ရမယ့်နည်းက ခြေထောက်တစ်ဖက်ပေါ်မှာ စက္ကန့် ၃၀ ကြာ မတ်တတ် ရပ်ပြီး နောက်တစ်ဖက် ပြောင်းလုပ်ပါ။ ခြေထောက်နှစ်ဖက်စလုံးနဲ့ ရပ်ချိန် နှစ်မိနစ်ကြာပါစေ။ လွယ်ကူနေရင် မျက်စိမှိတ်ပြီး ခြေ ထောက် တစ်ဖက်ကို တစ်မိနစ်ကြာစီလုပ်ပေးပါ။

ညနေ ၃ နာရီ - အနေအထား စစ်ဆေးပါ
ထိုင်တာပဲ ဖြစ်ဖြစ်၊ မတ်တတ်ရပ်တာပဲဖြစ်ဖြစ် ဝမ်းဗိုက်ကို ချပ် ထားပြီး ပခုံးတွေနဲ့ တင်ပဆုံရိုးတွေကို သက်သောင့် သက်သာနေလိုက် ပါ။ ဒီလို မကြာခဏပြုလုပ်ပေးတာက ဝမ်းဗိုက်ကြွက်သားတွေကို တင်းရင်းချပ်ရပ်စေပါတယ်။

ညနေ ၅ နာရီ - စမတ်ကျကျ ဈေးဝယ်ပါ
ခါးနာတာ မဖြစ်အောင် ဆော်ဒါပုလင်းနဲ့ အဝတ်လျှော်ဆပ်ပြာ မှုန့်တွေလို လေးလံလွန်းတဲ့ပစ္စည်းတွေကို နိမ့်တဲ့စင်ပေါ် တင်ထားပါ။ အဲဒီလို လေးလံတဲ့ ပစ္စည်းတွေယူမယ်ဆိုရင် ခါးအစား ဒူးကို ကွေး ညွတ်ပြီးမှ ယူပါ။ တစ်ဦးတည်း မနိုင်တဲ့ ပစ္စည်းဆိုရင် အကူအညီခေါ်ပြီး သယ်မပါ။

ည ၇ နာရီခွဲ - မကြာခဏ အနားယူပါ
တစ်ချိန်လုံး ဆိုဖာခုံပေါ် ထိုင်ကာ တီဗီကြည့်တာမျိုးအစား မတ် တတ်ရပ်တာ ဒါမှမဟုတ် လမ်းလျှောက်တာ တို့ လုပ်ပေးပါ။ ပိုကောင်း တာက တီဗီကြည့်ရင် အားကစားဘောလုံးပေါ်မှာ ထိုင်ပေးပါ။ ဒါက ဝမ်းဗိုက် ကြွက်သားတွေကို သန်စွမ်းစေပြီး ကိုယ်နေဟန်ကို ကောင်းမွန် စေပါတယ်။

ည ၁၀ နာရီခွဲ - အကောင်းဆုံး ခေါင်းအုံးကို ရွေးချယ်ပါ
အိပ်တဲ့အခါ အနေအထားမှန်ဖို့အရေးကြီးပါတယ်။ ဦးခေါင်းကို သက်သောင့်သက်သာရှိရှိ ထောက်ပံ့နိုင်မယ့်
ခေါင်းအုံးကို ရွေးချယ်ကာ အိပ်စက်ပါ။ ရေမြှုပ်ခေါင်းအုံးတွေက အကောင်းဆုံးပံ့ပိုးမှုပေးနိုင် ပါတယ်။ ဦးခေါင်းအပြင် လည်ပင်းနဲ့ ပခုံးကြွက်သားတွေကို ပံ့ပိုးပေး နိုင်မယ့် ခေါင်းအုံးကို ရွေးချယ်အိပ်စက်ပါ။

ဇွန်ခိုင်ဦး

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCpenney Printable Coupons